သိုက်ဝါးတွေ ဘာလို့ ဈေးကွက်ကောင်းနေတာလဲ……?

05/03/2019 17:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

"ငှက်ပျော ကဆုန်၊ ဝါး နယုန်"  ဆိုသကဲ့သို့ပင်၊ မိုးတစ်ပြိုက် နှစ်ပြိုက် ရွာချလိုက်တဲ့ နယုန်လအခါသမယမှာ ဝါးပင်တွေကို စိုက်ပျိုးကြတယ်လို့ ခေတ်အဆက်ဆက် ဆိုရိုးရှိခဲ့ကြပါတယ်။

ဝါးအမျိုးပေါင်း (၂၀၀) ကျော်ရှိတဲ့အနက် အသုံးများပြီး၊ လူသိများတဲ့ ဝါးအမျိုးအစားတွေကတော့ ကြခတ်ဝါး၊ ထီးရိုးဝါး၊ ဝါးနက်၊ ဝါးပိုးဝါး၊ ကြသောင်းဝါး၊ တင်းဝါး၊ သိုက်ဝါး စတာတွေပဲ ဖြစ်ပါတယ်။

မျှင်ဝါး၊ မျှစ်ချိုဝါး၊ သိုက်ဝါး နဲ့ တင်းဝါး တွေကတော့ ဈေးကွက်အထူးကောင်းနေတာကြောင့် ဝါးစိုက်ပျိုးမယ်လို့ စတင်စိတ်ကူးသူတိုင်း စိတ်ပါဝင်စားနေကြတဲ့ ဝါးမျိုးတွေပေါ့..။

သိုက်ဝါးက ဘာလို့ ဈေးကွက်ကောင်းတာလဲ……?

ကွမ်းခြံတွေ တည်ဆောက်ရာမှာ၊ ခရမ်းသီးခြံတွေ၊ ခရမ်းချဉ်သီးစိုက်ခြံတွေ၊ သခွားမွှေးစိုက်ခြံတွေမှာ တိုင်ထောင်ရာမှာ သိုက်ဝါးနဲ့မျှင်ဝါးတွေကို မရှိမဖြစ် အသုံးပြုနေကြတာကြောင့် ရောင်းမလောက်နိုင်အောင်ကို  ဈေးကွက်သိပ်ကောင်းနေတာပဲ ဖြစ်ပါတယ်။

ဝါးပင်က သမပိုင်းဒေသများနဲ့ မြန်မာ့တောတောင်ရေမြေအနှံ့အပြားမှာ သဘာဝအတိုင်း ပေါက်ရောက်လေ့ရှိတဲ့အပြင်၊ အခုအခါမှာ စနစ်တကျ ဝါးစိုက်ခင်းတွေအနေနဲ့လည်း ထူထောင်စိုက်ပျိုးလာကြပါပြီ။

ဘာလို့ စိုက်ပျိုးသင့်တာလဲ……?

မြက်ကြီးမျိုးနွယ်ဝင် အပင်တစ်မျိုးလည်း ဖြစ်သလို၊ စနစ်တကျ စိုက်ပျိုးထိန်းသိမ်းနိုင်ပါက အခြေခံ လူသုံးကုန်၊ ပရိဘောဂတွေနဲ့ အိမ် ဆောက်ပစ္စည်းတွေအပြင်၊ အသေးစားလက်မှု လုပ်ငန်းများ ပြုလုပ်နိုင်တဲ့ အထိ သားစဉ်မြေးဆက် အသုံးချနိုင်တဲ့ စီးပွားဖြစ်အပင်မျိုးဖြစ်တာကြောင့်ပါ။

ဝါးပင်ရဲ့အမြစ်တွေဟာ မြေဆီလွှာတိုက်စားမှုကို အကာအကွယ်ပေးတာကြောင့်၊ ဝါးကို စနစ်တကျ စိုက်ပျိုးခြင်းဟာ သဘာဝပတ်ဝန်း ကျင်ကို တစ်ဖက်တစ်လမ်းက ထိန်းသိမ်းရာလည်း ရောက်ပါတယ်။

ဘယ်အချိန်မှာ၊ ဘယ်လိုစိုက်ပျိုးရမလဲ……?

မေလ၊ ဇွန်လ ဝန်းကျင်လောက်မှာ စစိုက်လေ့ရှိပါတယ်။ ဒေသမျိုး ဝါးတွေကတော့ စိုက်ပျိုးပြီး (၃) နှစ်နဲ့ (၅) နှစ်ကြားမှာ အသုံးပြုလို့ရပြီး၊ မျှစ်ထုတ်တဲ့ ဝါးမျိုးဖြစ်တဲ့ မျှစ်ချိုဝါးကတော့ (၁)နှစ်ခွဲ၊ (၂)နှစ်အတွင်း ဈေးကွက် ဝင်ငွေရရှိနိုင်ပါတယ်။

သဲဆန်တဲ့မြေမျိုးဆိုရင် ကနဦးမှာ မြေပြင်ပြီး စိုက်သင့်ပါတယ်။ ဝါးစိုက်တဲ့အခါ မြေကို ထယ်ရေး နယ်စရာတော့ မလိုအပ်ပါဘူး။ ဝါးစိုက်မယ့် ကျင်းတွေကိုတော့ အကျယ် (၂) ပေ ပတ်လည်တူးရမယ်။ အနက် (၁) ပေ ဒါမှမဟုတ် (၂) ပေ တူးထားရပါမယ်။ ဒေသအတွင်းမှာ ရနိုင်တဲ့ နွားချေးဆွေး၊ နုန်းမြေ စတာတွေကို မြေခံအနေနဲ့ထည့်ပြီး၊ မြေပြင်စိုက်ပျိုးနိုင်ရင် အောင်မြင်ဖြစ်ထွန်းစေပါတယ်။

ပင်ကြားတန်းကြားကိုတော့ အများဆုံး (၁၂) ပေ ပတ်လည် ထားစိုက်တာများပြီး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ဓာတ်မြေသြဇာတွေ သုံးဖို့မလိုပဲ အပင်အတက်နှေးတဲ့အခါကျမှသာ သဘာဝမြေသြဇာတွေ သုံးပေးရင် အဆင်ပြေပါပြီ။

ရေဘယ်လို ပေးရမှာလဲ……?

ဝါးပင်က ရေကြိုက်ပါတယ်။ ရေပေးနိုင်ရင် မျှစ်ထွက်နှုန်းလည်း ကောင်းပါတယ်။ စီးပွားဖြစ် စိုက်သူများအနေနဲ့ကတော့ ရေပေးဝေမှုကို တစ်လကို (၃)ကြိမ်လောက် ရေကို သွင်းပေးသွင်းလေ့ရှိပါတယ်။ အစက်ချစနစ်နဲ့ ရေပေးတာမျိုးလည်း ရှိပါတယ်။

သဘာ၀ဝါးတောတွေ ရှားပါးကုန်တာကြောင့် လက်ရှိ ဝါးပေါက်ဈေးက မျှင်ဝါး၊ သိုက်ဝါးတစ်လုံးကို အနိမ့်ဆုံးဈေး (ခြံဖမ်းဈေး) မှာတင် (၇၀၀) ကျပ်နဲ့ (၈၀၀) ကျပ်ကြား၊ တင်းဝါးတစ်လုံးကို (၁,၀၀၀) ကျပ်ကနေ (၁,၅၀၀) ကျပ်အတွင်း ပေါက်ဈေးရှိနေပါတယ်။

ဒါ့ကြောင့် ချစ်မိတ်ဆွေတို့အနေနဲ့လည်း နှစ်အနည်းငယ်စိုက်ပျိုးရုံနဲ့တင် ဝင်ငွေရရှိစေပြီး၊ ပြုစုထိန်းသိမ်းရတာ လွယ်ကူရိုးရှင်းတဲ့ ဝါးပင်တွေကို စနစ်တကျ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိအောင် စွမ်းဆောင်ကြပါလို့ တိုက်တွန်းရေးသားလိုက်ရပါတယ်…။

နန်းထက်ထက်ချစ်(ABM)


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်